မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာ အမျိုးသားကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီလ ၁၉ ရက်

မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ ပထမ အကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ​ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက် ၀၉၃၀ နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ် (၅၁)၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ်သည့် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ကော်မတီအဖွဲ့ဝင်များဖြစ်သည့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ဒုတိယရှေ့နေချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ မြို့တော်ဝန်များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌနှင့် အလုပ်သမား သမဂ္ဂအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးရေးရာကော်မတီ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့မှ တာဝန်ရှိသူများနှင့် အခြားဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

ဖွဲ့စည်းထား

အစည်းအဝေးတွင် ဒုတိယသမ္မတက မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာ အမျိုးသားကော်မတီကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ လ ၅ ရက် နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၃/၂၀၁၈) ဖြင့် ဒုတိယသမ္မတ(၁) ဦးဆောင်၍ အဖွဲ့ဝင် ၃၇ ဦး ဖြင့် ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းတာဝန် (၈) ရပ်ကို သတ်မှတ်ပေးခဲ့ကြောင်း၊ အမျိုးသားကော်မတီ၏ ကြီးကြပ်မှုအောက်တွင် လုပ်ငန်းကော်မတီ (၈) ခုနှင့် နေပြည်တော် ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်အဆင့် ကလေးအလုပ်သမားပပျောက်ရေးကော်မတီ များကို သက်ဆိုင်ရာ ဝန်ကြီးချုပ် များ ဦးဆောင်၍ ဖွဲ့စည်းဆောင်ရွက်သွားရန်ဖြစ်ပါကြောင်း။

စိန်ခေါ်မှုများ ကြုံတွေ့

နိုင်ငံများရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ လူနေမှုဘဝမြင့်မားမှု၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှု များသည် ကလေးအလုပ်သမား အသုံးပြုရတဲ့ အဓိကအခြေခံအကြောင်းရင်းများနှင့် တိုက်ရိုက် ဆက်စပ်နေပြီး ယနေ့ကမ္ဘာ့နိုင်ငံများမှာ ဖြစ်ပေါ်ပြောင်းလဲနေတဲ့ ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ Global Climate Change ၏ အကျိုးဆက်များကြောင့် ဖြစ်ပေါ်လာသည့် မုန်တိုင်း ကြီးများဖြစ်ပေါ်ခြင်း၊ ရေကြီးခြင်း၊ မိုးခေါင်ခြင်း၊ တောမီးလောင်ခြင်း၊ ငလျင်လှုပ်ခြင်းစသည့် သဘာဝဘေးအန္တရာယ်အမျိုးမျိုး ကျရောက်မှုကြောင့် စားနပ်ရိက္ခာဖူလုံမှုမရှိခြင်း၊ ပြည်တွင်း ပဋိပက္ခအချို့ကြောင့် ဆင်းရဲနွမ်းပါးမှုများနှင့် ရွှေ့ပြောင်းနေထိုင်ရမှုများရှိနေပြီး လူမှုစီးပွားဘဝ အကျပ်အတည်းများမှတစ်ဆင့် ကလေးအလုပ်သမား၊ လူငယ်၊ လူရွယ်အလုပ်သမားများသည် ပညာရေးဆုံးခန်းတိုင်အောင် သင်ကြားနိုင်သည့် အခွင့်အလမ်းများကို ရွေးချယ်နိုင်မှုမရှိဘဲ ကလေးအလုပ်သမားအဖြစ် အသုံးပြုခံနေရမှုများကိုလည်း ဖွံ့ဖြိုးဆဲနိုင်ငံအများစုမှာ ကြုံတွေ့ နေရပါကြောင်း၊

တိုက်တွန်းပြောကြား

ယခုအခါ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများမှာ ဖွံ့ဖြိုး တိုးတက်မှုများရရှိအောင် အရှိန်အဟုန်ဖြင့် ပြုပြင်ပြောင်းလဲလျက်ရှိပြီး တစ်ဖက်မှာလည်း တစ်နိုင်ငံ လုံး ငြိမ်းချမ်းရေးရရှိအောင် ဦးစားပေးဆောင်ရွက်နေပါကြောင်း၊
ဖွံ့ဖြိုးဆဲနိုင်ငံအများစုတွင်ကလေးအလုပ်သမားပပျောက်ရေးနှင့်စပ်လျဉ်း၍ လုံးဝဆိတ်သုန်း ပပျောက်သွားအောင် ဆောင်ရွက်နိုင်မှုမရှိသေးသော်လည်း နိုင်ငံများရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပေါ်မူတည်ပြီး ကလေးအလုပ်သမားလျှော့ချရေးအစီအစဉ်များကို နိုင်ငံအဆင့်စီမံကိန်းများ ချမှတ် ဆောင်ရွက်နေပါကြောင်း၊
မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြီး မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေး စီမံကိန်းအတွက် ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကို ညှိနှိုင်းတိုင်ပင်ဆွေးနွေး၍ ရှေ့လုပ်ငန်းစဉ်များချမှတ်ဆောင်ရွက်သွားကြပါရန် တိုက်တွန်းမှာကြားလိုပါကြောင်း၊

မြန်မာနိုင်ငံနှင့် ကလေးအလုပ်သမား

အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေမှ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးစီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းရာ မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ၏ (၁၈)နှစ်အောက် ကလေးဦးရေသည် စုစုပေါင်း (၁၈)သန်းကျော်ရှိပြီး ၂၀၁၇ ခုနှစ်၊ ပထမသုံးလပတ် အလုပ်သမားအင်အားစစ်တမ်းများ အရ ၅ နှစ်မှ ၁၇ နှစ်အတွင်း ကလေးဦးရေ စုစုပေါင်း (၁၂)သန်းကျော်မှာ ကလေးအလုပ်သမားဦးရေ ၅ ရာခိုင်နှုန်း၊ အန္တရာယ်ရှိသော လုပ်ငန်းခွင်များတွင် အလုပ်လုပ်နေသည့် ကလေးအလုပ်သမား ၄.၉ ရာခိုင်နှုန်း ပါဝင်နေခြင်းကြောင့် ကလေးအလုပ်သမားပြဿနာသည် မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ စိန်ခေါ်မှုတစ်ရပ်အဖြစ်တည်ရှိနေပြီး ကလေးအလုပ်သမား ပပျောက်ရေးကိစ္စသည် နိုင်ငံတော်၏ အနာဂတ်အတွက် မဖြစ်မနေဆောင်ရွက်ရမည့် ကိစ္စရပ် ဖြစ်ပါကြောင်း၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း၊ အပိုဒ် ၂၃၊ အပိုဒ်ခွဲ (၁) တွင် လူတိုင်းတွင် အလုပ်လုပ်ပိုင်ခွင့်၊ မိမိနှစ်သက်ရာအလုပ်အကိုင်ကို လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်၊ တရားမျှတ၍ အဆင်ပြေမှုရှိသော လုပ်ငန်းခွင်အခြေအနေများရပိုင်ခွင့်နှင့် အလုပ်လက်မဲ့ဖြစ်ခြင်းမှ အကာအကွယ်ရပိုင်ခွင့်ရှိကြောင်း၊

ကလေးအလုပ်သမားဆိုင်ရာ ဥပဒေမူဘောင်

ဆက်လက်၍၂၀၀၈ခုနှစ်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၃၄၉၊ ပုဒ်မခွဲ (ခ) တွင်လည်း နိုင်ငံသားတိုင်းသည် အလုပ်လုပ်ကိုင်မှုတွင် တူညီသော အခွင့်အလမ်းများ ရရှိစေရမည်ဟု ပြဋ္ဌာန်းထားသဖြင့် နိုင်ငံသားတိုင်း အလုပ်လုပ်ကိုင်ခွင့် ရှိပါကြောင်း၊
မြန်မာနိုင်ငံအနေဖြင့် ရှေးယခင်ကပင် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးကို တစိုက်မတ်မတ်ဆောင်ရွက်ခဲ့ပြီး အလုပ်လုပ်သော ကလေးများအတွက်လည်း မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများက ထိုကလေးများအတွက် စံနှုန်းသတ်မှတ်ချက်များဖြင့် အကာအကွယ် ပေးထားကြောင်း။
အလုပ်သမားရေးရာပြဋ္ဌာန်းထားသောဥပဒေများ အရ အသက် (၁၈)နှစ်မပြည့်သေး သော်လည်း အလုပ်လုပ်ကိုင်ခွင့်ရှိကြောင်း၊ “ကလေးအလုပ်သမား” ဆိုရာတွင် ဥပဒေက ခွင့်ပြု ထားသည့် အသက်အရွယ်၊ အလုပ်အမျိုးအစား၊ အလုပ်ချိန်ဖြစ်ရန်လိုအပ်ပြီး သင့်လျော် ကောင်းမွန် သည့် အလုပ်အမျိုးအစား ဖြစ်ရမည်ဖြစ်ပါကြောင်း၊ ဥပဒေကခွင့်ပြုထားသည့် အသက်အရွယ် ထက်ငယ်ရွယ်ခြင်း၊ ဥပဒေကခွင့်ပြုမထားသည့် အလုပ်အမျိုးအစားဖြစ်နေခြင်း၊ ဥပဒေက ခွင့်ပြု ထားသည့် အသက်အရွယ်ရှိသော်လည်း လုပ်ကိုင်ရသည့် အလုပ်အမျိုးအစားကြောင့်သော် လည်းကောင်း၊ အလုပ်ချိန်ကြောင့်သော်လည်းကောင်း၊ အလုပ်လုပ်ရသည့် ကလေး၏ပညာရေးကို သို့မဟုတ် ကိုယ်ခန္ဓာဖွံ့ဖြိုးမှုကို သို့မဟုတ် စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုကို ထိခိုက်စေခြင်းတို့ ဖြစ်စေလျှင် ထိုအလုပ်ကို လုပ်ကိုင်နေရသော ကလေးအား ကလေးအလုပ်သမားအဖြစ် မှတ်ယူရမည်ဖြစ် ကြောင်း၊

ရှင်းလင်းဆွေးနွေး

ဆက်လက်၍ မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ အတွင်းရေးမှူးနှင့် တွဲဘက်အတွင်းရေးမှူးတို့က အမျိုးသားအဆင့် လုပ်ငန်းစီမံချက် ရေးဆွဲရေးဆိုင်ရာနှင့် သက်ဆိုင်ရာ လုပ်ငန်းကော်မတီများ ဖွဲ့စည်းရေးတို့နှင့် စပ်လျဉ်းပြီး ရှင်းလင်းတင်ပြပါသည်။

ကဏ္ဍအလိုက်ဆွေးနွေး

ဆက်လက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသူ ပြည်ထောင်စုဝန်ကြီး များနှင့်ကော်မတီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များနှင့် ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များက မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက် နှင့်စပ်လျဉ်း၍ အသီးသီးဆွေးနွေးခဲ့ကြပါသည်။

ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်

ထို့နောက် မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက ယခုအစည်းအဝေးက သဘောတူဆုံးဖြတ်ထားသည်‌့ လုပ်ငန်းစဉ်များကို မျက်ခြေမပြတ် အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရမည့် ပင်မလုပ်ငန်း ကော်မတီ(၈)ခုကိုလည်း ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ကြောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များကလည်း တိုင်းဒေသကြီးနှင်‌့ပြည်နယ်များအလိုက် ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာ ကော်မတီများကို စနစ်တကျ ဖွဲ့စည်းတာဝန်ပေးအပ် လုပ်ဆောင်သွားရန်လိုကြောင်း၊ ကလေးအလုပ်သမားကိစ္စကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ခံယူပြီး သက်ဆိုင်ရာ တာဝန်ရှိသူအားလုံးတို့က စဉ်ဆက်မပြတ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊

ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက် (မူကြမ်း) ရေးဆွဲဆောင်ရွက်

ထို့အပြင် ကလေးအလုပ်သမားပပျောက်ရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ထိရောက်မြန်ဆန်ပြီး လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် အမျိုးသားကော်မတီ၏ အတွင်းရေးမှူးအဖွဲ့ကိုလည်း ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်၍ အတွင်းရေးမှူးအဖွဲ့ က တာဝန်ယူပြီး မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးစီမံကိန်းအတွက် လုပ်ငန်း စီမံချက် (မူကြမ်း)ကို တိုင်ပင်ရေးဆွဲကြရန်နှင့် နောက်တစ်ကြိမ်ကျင်းပမည့် အမျိုးသားကော်မတီ အစည်းအဝေးတွင် တင်ပြအတည်ပြုချက်ယူ ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊

ရှေ့လုပ်ငန်းစဉ်များချမှတ်

ဆက်လက်ဆောင်ရွက်ရန် အချက်များကို ရှေ့လုပ်ငန်းစဉ်များအဖြစ် သတ်မှတ်ခဲ့ကြောင်း နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်းအနားကို (၁၂၃၀) နာရီတွင် ရုပ်သိမ်းလိုက်သည်။