၂၀၁၉ ခုနှစ် ILO ရာပြည့်အခမ်းအနားနှင့် အမျိုးသားအဆင့် သုံးပွင့်ဆိုင်ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ တက်ရောက်အားပေး

ရန်ကုန် အောက်တိုဘာ ၂၁ ရက်
အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO)သည် ၂၀၁၉ခုနှစ်တွင် နှစ်တစ်ရာပြည့် မြောက်ခဲ့ပြီဖြစ်၍ ရာပြည့်အထိမ်းအမှတ် အခမ်းအနားများကို ကမ္ဘာတစ်ဝှမ်းကျင်းပလျက်ရှိရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ILO ရန်ကုန်တို့ ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့၏ ရာပြည့်အခမ်းအနားကို ရန်ကုန်မြို့ရှိ Melia Hotel တွင်ယနေ့ နံနက်ပိုင်း၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူး ချုပ် Mr. Greg Vines၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်မှ ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ သံတမန်များနှင့် သံရုံးများမှ ကိုယ်စားလှယ်များ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အလုပ်သမား ရေးရာပူးပေါင်ဆောင်ရွက်ရေးကော်မတီ(HLWG)အဖွဲ့ဝင်များ၊ အမျိုးသားအဆင့်သုံးပွင့်ဆိုင်အဖွဲ့ (NTB)မှ ကိုယ်စားလှယ်များ၊ ရာပြည့်အထိမ်းအမှတ်ဆောင်းပါး ပြိုင်ပွဲဆုရရှိသူများနှင့် ပြိုင်ပွဲဝင် ဆောင်းပါး အကဲဖြတ်အဖွဲ့ဝင်များ အပါအဝင် ကိုယ်စားလှယ်(၂၀၀)ကျော်တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြား၌ ၁၉၁၉ ခုနှစ်တွင် စတင်ထူထောင်ခဲ့သည့် အပြည်ပြည်ဆိုင်ရာအလုပ်သမား ရေးရာအဖွဲ့အနေဖြင့် ယခုဆိုလျင်နှစ် ၁၀၀ ပြည့်မြောက်ပြီ ဖြစ်ပါကြောင်း၊ ILO အဖွဲ့သည် လူမှုရေးတရားမျှတမှုရရှိစေရန် ဦးတည် ဆောင်ရွက်နေသည့် တစ်ခုတည်းသော ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းဖြစ်ပြီး Unique system ကို နှစ်ပေါင်းတစ်ရာတိုင် ခိုင်မြဲစွာ ထိန်းသိမ်းထားနိုင်သည့်အတွက် အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအနေဖြင့် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ သမိုင်းတလျှောက်အဖွဲ့အစည်းတွင် ပူးပေါင်းပါဝင်ခဲ့ကြ သည့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များ၊ လက်ရှိဆောင်ရွက်နေကြသူများနှင့် အခြားသက်ဆိုင်သူများအားလုံးကို ယနေ့အခမ်းအနားမှာ အထူးချီးကျူး ဂုဏ်ပြုပါကြောင်းကို ပြောကြားလိုပါကြောင်း။
ILO အဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေနှင့် ရာပြည့်နှစ်ကို ဂုဏ်ပြုသည့် အနေဖြင့် ILO ဆောင်ပုဒ်ဖြစ်သည့် “ILOရာပြည့်မှစသင့်လျော်ကောင်းမွန်သော အလုပ်အကိုင်တိုးမြင့်ရေးနှင့် လူမှုတရားမျှတရေး မြှင့်တင်ဆောင်ရွက်ကြ” ခေါင်းစဉ်ဖြင့်ဆောင်းပါးပြိုင်ပွဲ ကျင်းပခဲ့ရာ စိတ်ပါဝင်စားသည့် အလွတ်တန်းပညာရှင်(၅၁)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲဝင်ဆောင်းပါး များကို ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပြင်ပသတင်းမီဒီယာမှကျွမ်းကျင်ပညာရှင်များ၊ ဝန်ကြီးဌာနရှိ အဆင့်မြင့်အရာရှိကြီးများမှ ဘက်လိုက်မှု မရှိဘဲ ILO ၏ Guidelines အပါအဝင် ချမှတ်ထားတဲ့ စံ သတ်မှတ်ချက်များနှင့်အညီ စိစစ်အကဲဖြတ်ပြီး ဆုများကို ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုငါးဆုကို ရွေးချယ်ခဲ့ရာ မကြာခင်တွင် ဆုရရှိ သူများနှင့် အကဲဖြတ်ပညာရှင်များကို ဂုဏ်ပြုဆုများနှင့် မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်မှာဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်များအားလုံးနှင့် ပြိုင်ပွဲဝင်ဆောင်းပါးများကို မအားလပ်သည့်ကြားက စိစစ်အကဲဖြတ်ပေးကြသည့် အကဲဖြတ် အဖွဲ့ဝင် ကျွမ်းကျင်သူများကို ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် ILOရာပြည့်ကာလကို ဂုဏ်ပြုသည့်အနေဖြင့် ILO အခြေခံပြဌာန်း ချက်တစ်ခုဖြစ်တဲ့ အငယ်ဆုံးအသက်ဆိုင်ရာ ပြဌာန်းချက် အမှတ် ၁၃၈ ကို လက်ခံကျင့်သုံးနိုင်ရေး လိုအပ်တဲ့လုပ်ငန်းစဉ်များ ဆောင်ရွက်နေပြီဖြစ်သည်ကို အလေးထား အသိပေးလိုပါကြောင်း။ ထို့အပြင် အာဆီယံဒေသတွင်းမှာ ILO ရာပြည့်နှစ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ASEAN အလုပ်သမား ဝန်ကြီးများညီလာခံကို ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့မှ ၃၀ ရက်နေ့ထိ စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့ပြီး အနာဂတ်အလုပ်အကိုင်ဆိုင်ရာထုတ်ပြန်ကြေညာချက် (ASEAN Labour Ministries’ Statement On The Future Of Work) ကို ထုတ်ပြန်ခဲ့ရာ၌ မိမိအနေဖြင့် မြန်မာနိုင်ငံကိုယ်စား ပါဝင်လက်မှတ်ရေးထိုးခဲ့ပါကြောင်း။
ယခုရာပြည့်အခမ်းအနားအပြီးတွင် အမျိုးသားအဆင့်သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ သုံးပွင့်ဆိုင် ကိုယ်စားလှယ်များ နှင့်ဆက်လက်ကျင်းပသွားမှာဖြစ်ပါ၍ ဆွေးနွေးပွဲတွင် မိမိအပါအဝင် ILO ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Greg Vines တို့တက်ရောက် မည်ဖြစ်ပြီး Decent Work Country Programme (2018-2021)ကို အကောင်အထည်ဖော် ဆောင်ရွက်မှု၊အဓမ္မခိုင်းစေမှုပပျောက်ရေးစီမံချက်များအလေးထားလုပ်ဆောင်နေမှု၊အလုပ်သမား ရေးရာဥပဒေများ ပြင်ဆင်ပြောင်းလဲမှုတို့ကို ဆွေးနွေးသွားမှာဖြစ်၍ ရာပြည့်ကာလ NTDF အဖြစ် ရလဒ်ကောင်းများရရှိနိုင်မယ်လို့ ယုံကြည်ပါကြောင်းပြောကြားခဲ့ပါသည်။
ထို့နောက် ILO ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Greg Vines ၊ အလုပ်ရှင်ကိုယ်စားလှယ် နှင့်အလုပ်သမားကိုယ်စားလှယ်တို့မှ အမှာစကားအသီးသီးပြောကြားခဲ့ကြပြီး ILOရာပြည့်အထိမ်း အမှတ် ဗီဒီယိုပြသခြင်း၊ အနာဂတ်အလုပ်အကိုင်ဆိုင် ရာ ILOရာပြည့်ကြေငြာချက်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းနှင့် Panel Session တွင် ဆွေးနွေးခြင်း၊မြန်မာ့ရိုးရာအကပဒေသာဖြင့်ဖျော် ဖြေခြင်း၊ ရာပြည့်အထိမ်းအမှတ်ဆောင်းပါးပြိုင်ပွဲဆုရရှိသူများကို တာဝန်ရှိပုဂ္ဂိုလ်များမှ ဆုချီးမြှင့် ခြင်း၊ အကဲဖြတ်ဒိုင်များကို ဂုဏ်ပြုမှတ်တမ်းများပေးအပ်ခြင်းတို့အပြင် ရာပြည့်အထိမ်းအမှတ် ဓာတ်ပုံပြခန်းခင်းကျင်းပြသမှုများကို ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက်နေ့လည်ပိုင်းတွင် အမျိုးသားအဆင့်သုံးပွင့်ဆိုင်ညှိနှိုင်းဆွေးနွေးပွဲကို ဆက်လက် ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Mr. GregVines တို့တက်ရောက်၍ သုံးပွင့်ဆိုင်ကိုယ်စားလှယ်များဖြင့် ဆက် လက်ကျင်းပခဲ့သည်။ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၌ စတင်အကောင်အထည်ဖော် ဆောင်ရွက် နေသည့် သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်ဌာနေ အစီအစဉ်နှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခြင်း၊ မြန်မာနိုင်ငံ အစိုးရကတာဝန်ယူဆောင်ရွက်နေသည့် အဓမ္မခိုင်းစေမှုပပျောက်ရေး ဆိုင်ရာလုပ်ငန်းစီမံချက်၊ တိုင်ကြားမှုယန္တရား ထူထောင်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်နေမှု၊ ကြားကာလယန္တရားဖြင့် တိုင်ကြားမှုများလက်ခံဖြေရှင်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
၂၂.၁၀.၂၀၁၉ ရက်နေ့တွင် အမျိုးသားအဆင့် သုံးပွင့်ဆိုင်ညှိနှိုင်း ဆွေးနွေးပွဲကို ဆက်လက် ကျင်းပမည်ဖြစ်ပြီး ဆွေးနွေးပွဲတွင် အလုပ်သမားရေးရာ ဥပဒေပြုပြင်ပြောင်းလဲမှုနှင့်ပတ်သက်၍ ဆောင်ရွက်ဆဲနှင့်ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။