ဘေးကင်းလုံခြုံပြီး စနစ်ကျသော တရားဝင်ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်နှင့်ပတ်သက်သည့် အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ တက်ရောက်

နေပြည်တော် နိုဝင်ဘာလ ၂၂ ရက်
အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် International Organization for Migration-IOM တို့ ပူးပေါင်း၍ ဘေးကင်းလုံခြုံပြီး စနစ်ကျသော တရားဝင် ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်နှင့် ပတ်သက်သည့် အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် နေပြည်တော်၊ သင်္ဂဟဟိုတယ်၌ကျင်းပပြုလုပ်ခဲ့ရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ ပါသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားသို့ပြည်ထောင်စုဝန်ကြီးနှင့်အတူ International Organization for Migration-IOM မှ Chief of Mission, Mr. Akio Nakayama နှင့်တာဝန်ရှိသူများ၊ အမျိုးသားလွှတ်တော် ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာ ကော်မတီမှ ကိုယ်စားလှယ်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ် ရုံး၊ UN/ NGOs/ INGOs တို့မှကိုယ်စားလှယ်များ၊ Private Sector နှင့်အရပ်ဖက်လူမှုအဖွဲ့အစည်းများမှကိုယ်စားလှယ်များ စုစုပေါင်း ၆၀ ဦးခန့် တက်ရောက်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားရာတွင် (၇၁)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ချမှတ်ခဲ့သည့် နယူးယောက် ကြေညာချက်အရ ၂၀၁၈ခုနှစ်၊ အပြည်ပြည် ဆိုင်ရာရွှေ့ပြောင်းသွားလာခြင်းနှင့်စပ်လျဉ်းသည့် Intergovernmental ညီလာခံ ကျင်းပမည် ဖြစ်ပြီးအဆိုပါ ဘေးကင်းလုံခြုံပြီးစနစ်ကျသော တရားဝင်ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်ကို အတည်ပြုသွားရန်ရှိပါကြောင်း။
ကမ္ဘာလုံးဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုအပါအဝင် သဘောတူညီချက်အတည်ပြုချမှတ်ရာ၌ မြန်မာနိုင်ငံ၏သဘောထားမှတ်ချက်များပံ့ပိုးပါဝင်နိုင်ရန်၊ ရွှေ့ပြောင်းသွားလာခြင်းနှင့်စပ်လျဉ်း၍ ပါဝင်ဆောင်ရွက်နေသူများထံမှ အချက်အလက်တွေရရှိရန် ဘေးကင်းလုံခြုံပြီး စနစ်ကျသော တရားဝင်ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းအတွက် အထောက်အပံ့ဖြစ်စေနိုင်မည့်အကြောင်းအရာ၊ အချက်အလက်များနှင့် အပြုသဘော အကြံပြုချက်များ ဆွေးနွေးသတ်မှတ်ရန် ယနေ့အမျိုးသား အဆင့်အလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခြင်းဖြစ်ပါကြောင်း။
လူမှုမိတ်ဖက်အဖွဲ့အစည်း၊ ပုဂ္ဂလိကကဏ္ဍ၊ ပညာရေးအဖွဲ့အစည်းများ၊ လွှတ်တော်များ၊ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ အဖွဲ့အစည်းများအပါအဝင် ပါဝင်ဆောင်ရွက်သူများ၏ ထိရောက်စွာ ပူးပေါင်းဆောင်ရွက်မှု၊ ပွင့်လင်း မြင်သာမှု၊ ဆွေးနွေးညှိနှိုင်းမှုတို့ မှတဆင့် ကမ္ဘာလုံး သဘောတူညီချက် ပေါ်ထွက်လာရေး ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း။
ဝန်ကြီးဌာနအနေဖြင့် ၂၀၁၂ ခုနှစ်တွင် ချမှတ်ထားသည့် ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ မူဝါဒနှင့်အညီ ရွှေ့ပြောင်းအလုပ်သမားရေးရာများကို တတ်စွမ်းသမျှ ကြိုးစားဆောင်ရွက်လျက်ရှိ ပါကြောင်း။ လက်ရှိ မူဝါဒများအပေါ် ကောင်းမွန်သည့် အကြံပြုချက် ပေးလိုပါကလည်း လက်ခံ ကြိုဆိုပြီး စဉ်းစားဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း။
ရွှေ့ပြောင်းသွားလာခြင်းမှ မိသားစု စားဝတ်နေရေး ပြေလည်စေခြင်း၊ လူနေမှုအဆင့်အတန်း မြင့်မားခြင်း၊ကလေးများအားပညာသင်ကြားပေးနိုင်ခြင်းစသည့် ကောင်းကျိုးများရရှိနိုင်သကဲ့သို့ တရားမျှတမှုမရှိသော၊ အန္တရာယ်များသော စသည့် မမျှော်မှန်းထားသည့်အခြေအနေများမှာလည်း လုပ်ကိုင်ရနိုင်မှာကိုလည်း သတိပြုရမှာ ဖြစ်ပါကြောင်း။ ရွှေ့ပြောင်းသွားလာများထဲမှ အမျိုးသမီး များနှင့်ကလေးသူငယ်များသည် ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရခြင်းနှင့် အလွဲသုံးစားပြုခံရခြင်းတို့ ကြုံတွေ့နိုင်ပါကြောင်း။ ရွှေ့ပြောင်းအလုပ်သမားအတွက် လိုအပ်နေသည့် ကာကွယ်စောင့်ရှောက်မှု နှင့် စာနာမှုများကို သက်ဆိုင်ရာနိုင်ငံများ၏ အလုပ်သမားဥပဒေများနှင့်အညီ ခံစားနိုင်စေဖို့ အစိုးရ တစ်ခုတည်းသာ ဆောင်ရွက်၍ မရနိုင်သဖြင့် ပါဝင်ဆောင်ရွက်နေသူများ အားလုံး ပူးပေါင်းပါဝင် မှသာ အောင်မြင်မှာ ဖြစ်ပါကြောင်း။
ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် နယ်စပ်ဖြတ်ကျော် သွားရောက် လုပ်ကိုင်ရာတွင် ဥပဒေ နှင့်အညီ တရားဝင်လမ်းကြောင်းမှ သွားရောက်ရန်လိုအပ်ပြီး အလုပ်အကိုင်အခြေအနေ၊ အလုပ်ရှင်/ အလုပ်သမားသဘောတူညီချက် စာချုပ်များ၊ သက်ဆိုင်ရာနိုင်ငံ၏ဥပဒေ၊ စည်းမျဉ်းစည်းကမ်း များ၊ လုပ်ငန်းခွင်လိုအပ်ချက်များကို နားလည်သဘောပေါက်ရမှာ ဖြစ်ပါကြောင်း။ ရွှေ့ပြောင်း သွားလာသူများသည် မိမိနေထိုင်ရာ ဒေသတွင်း၊ လူမှုအသိုက်အဝန်းနှင့် လိုက်လျော ညီထွေစွာ လုပ်ကိုင်နိုင်ရန်လိုအပ်ပါကြောင်း။
ဝန်ကြီးဌာနအနေဖြင့် IOM/ ILO တို့ရဲ့ အကူအညီဖြင့် ရွှေ့ပြောင်းသွားလာမှုများသည့် မြို့နယ်များတွင် ရွှေ့ပြောင်းလုပ်သားများကူညီထောက်ပံ့ပေးရေးဗဟိုဌာန (Migrant Resource Centers-MRC) ၁၂ ခု ဖွင့်လှစ်ပြီး ဝန်ဆောင်မှုများ ပေးလျက်ရှိပါကြောင်း။ ထို့အပြင် ချင်းပြည်နယ်တွင်လည်း IOM ၏ အကူအညီဖြင့် MRC ကို ဖွင့်လှစ်ပေးဖို့ ဆောင်ရွက်လျက်ရှိပြီး အလုပ်သမားရေးရာကိစ္စများတွင်လိုအပ်သည့်တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်တွင်အတည်ပြုမည့် ဘေးကင်းလုံခြုံပြီး စနစ်ကျသော တရားဝင်ရွှေ့ပြောင်း သွားလာ နေထိုင်ခြင်းဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်အတွက် ယခု ဆွေးနွေးပွဲရလဒ် များကို ထည့်သွင်းနိုင်ရန်ဖြစ်ပြီး တက်ရောက်လာသူများထံမှ ကောင်းမွန်သည့် အကြံပြုချက်များ ရရှိမည်ကို ယုံကြည်မျှော်လင့်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် IOM မှ Chief of Mission, Mr. Akio Nakayama က အမှာစကား ပြောကြားပြီး အလုပ်ရုံဆွေးနွေးပွဲကို ၁၅:၀၀ နာရီထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။