ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်၊ ရည်မှန်းချက်တာဝန်များ အရှိန်အဟုန်မပျက် ကြိုးပမ်းဆောင်ရွက်ကြရေး မှာကြား။

နေပြည်တော်၊ ဇန်နဝါရီ ၁၂ ။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီခွဲတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစီအစဉ်အရ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေက အမှာစကားပြောကြားရာတွင် မိမိတို့ဌာနအနေဖြင့် ပြည်သူတို့အတွက် လက်ငင်းဆောင်ရွက်နိုင်ပြီး အမှန်တကယ် အကျိုးဖြစ်ထွန်း စေမည့် လုပ်ငန်းစဉ်များကို သစ္စာစီမံချက်ရေးဆွဲချမှတ်၍ ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်သကဲ့သို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ရှေ့လုပ်ငန်းစဉ်(၁၉)ရပ်ကိုချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များသည် ဌာန၏ရည်မှန်းချက်တာဝန် (၃)ရပ်ကို အခြေခံ၍ ပြည်သူ့အကျိုးကို ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းများဖြစ်သဖြင့် အရှိန်အဟုန်မပျက် အကောင်အထည်ဖော် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်း များကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ မြန်မာနိုင်ငံကို လာရောက်လိုသည့် နိုင်ငံခြားသားများ အတွက် ခေတ်စနစ်နှင့်ကိုက်ညီသည့် ပြည်ဝင်ဗီဇာ(၁၂)မျိုးကို သတ်မှတ်ခွင့်ပြုပေးနိုင်ခဲ့ပြီး ယင်းတို့အနက် (လုပ်ငန်းဗီဇာ၊ လူမှုရေးဗီဇာ၊ သာသနာရေးဗီဇာ၊ နိုင်ငံတကာအဖွဲ့အစည်းများဗီဇာ၊ ပညာရေးဗီဇာ နှင့် ယာဉ်အမှုထမ်းဗီဇာ) စသည့်ဗီဇာ(၆)မျိုးကို(၃)လ၊ (၆)လ၊ (၁)နှစ် နေခွင့်သက်တမ်းရှိသည့် အကြိမ်ကြိမ် ပြည်၀င်ခွင့်ဗီဇာများအဖြစ် တိုးမြှင့်သတ်မှတ်ပေးခဲ့ကာ ဗီဇာလျှောက်ထားရာတွင် လိုအပ်ချက်အဖြစ် သတ်မှတ်ထားသည့် အထောက်အထားအချို့ကိုလည်း ဖြေလျော့ပေးနိုင်ခဲ့ပါကြောင်း၊ ဆိုက်ရောက်ဗီဇာ (Visa On Arrival)ကို နိုင်ငံပေါင်း (၅၂)နိုင်ငံ၊ e-Visa ကို ကမ္ဘာလှည့်ဗီဇာအတွက် နိုင်ငံပေါင်း(၁၀၀)၊ လုပ်ငန်းဗီဇာအတွက် (၅၁)နိုင်ငံ ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိပြီး ထပ်မံတိုးချဲ့ခွင့်ပြုနိုင်ရေးအတွက်လည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်လုံခြုံရေးနှင့် ခရီးသွားများ ပိုမိုလွယ်ကူအဆင်ပြေ လုံခြုံ ချောမွေ့စွာ ဝင်/ထွက်သွားလာနိုင်ရေးအတွက်လည်း အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းနှင့် နယ်စပ်ဂိတ်များ၌ ခေတ်မီနည်းပညာသုံး စက်ကိရိယာများ တပ်ဆင်အသုံးပြုနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုကဲ့သို့ လူ၀င်မှုကြီးကြပ်ရေးလုပ်ငန်းများကို နိုင်ငံတကာစံချိန်မီ အဆင့်မြှင့်တင် ဆောင်ရွက်နေချိန်မှာ ဝန်ထမ်းများအနေဖြင့် ပြည်ဝင်/ပြည်ထွက် စစ်ဆေးရေးဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို သိရှိလိုက်နာရမည့်အပြင်၊ ကွန်ပျူတာနည်းပညာရပ်များ နှင့် အင်္ဂလိပ်စာ ဘာသာရပ်တို့တွင် ကျွမ်းကျင်မှုရှိအောင် အထူးလေ့ကျင့်ထားရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ အမျိုးသား မှတ်ပုံတင်ရေးနှင့် နိုင်ငံသားမှတ်ပုံတင်လုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ရွှေ့ပြောင်း နေထိုင်သူများနဲ့ အလုပ်သမားများကို အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော မှတ်ပုံတင် တစ်မျိုးမျိုးထုတ်ပေးခြင်း၊ အခြေခံပညာကျောင်းများမှ အသက် (၁၀)နှစ်ပြည့် ကျောင်းသား/ကျောင်းသူ များကို နိုင်ငံသားစိစစ်ရေးကတ်ပြား (သို့မဟုတ်) ကိုင်ဆောင်သင့်သော မှတ်ပုံတင်တစ်မျိုးမျိုး ထုတ်ပေး ခြင်း၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့အညီ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး စိစစ် ထုတ်ပေးခြင်း၊ နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NVCard) ထုတ်ပေးခြင်းနှင့် မြန်မာနိုင်ငံသား ဟုတ်/မဟုတ် နိုင်ငံသားစိစစ်ခြင်း စသည့်လုပ်ငန်းများကို သစ္စာစီမံချက်ဖြင့် ပြည်သူ အတွက် ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ဒီလုပ်ငန်းစဉ်များသည်လည်းဌာန၏ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျစိစစ် ဆောင်ရွက်ကြရန်နှင့် သတ်မှတ်ကာလထက် ပိုမိုကြန့်ကြာမှုမရှိအောင်လည်း အလေးထားဆောင်ရွက်ကြရန် မှာကြားလိုကြောင်း၊ NV Card ထုတ်ပေးရာတွင်လည်း ယာယီသက်သေခံလက်မှတ် အပ်နှံသူများအတွက်သာမက မြန်မာနိုင်ငံသား ဥပဒေအရ နိုင်ငံသားစိစစ်မှုခံယူရန် လိုအပ်သူတွေကိုလည်း ထုတ်ပေးရမှာဖြစ်သည့်အတွက် ရခိုင်ပြည်နယ်တွင် သာမက ကျန်တိုင်းဒေသကြီး/ ပြည်နယ်များတွင်လည်း ယင်းလုပ်ငန်းအပေါ်မှာ အာရုံစိုက်၍ ပိုမိုတိုးတက်လာအောင်တွန်းအားပေး ဆောင်ရွက်ကြရန်လိုပါကြောင်း၊ အမျိုးသား မှတ်ပုံတင်သက်သေခံကတ်ပြား ကိုင်ဆောင်ထားသူများကို (NV Card)ထုတ်ပေးရန် မလိုအပ်ကြောင်း ကိုလည်း ထပ်မံအသိပေးပြောကြားလိုပါကြောင်း၊ နိုင်ငံခြားတိုင်းပြည်များကို အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ ဖမ်းဆီးအရေးယူခံရခြင်း၊ လူကုန်ကူးခံရခြင်း၊ နိုင်ငံကူး လက်မှတ်လျှောက်ထားခြင်းများနှင့် ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းမြန်မာအလုပ်သမားများအား သာမန် မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံသား ဟုတ်/မဟုတ် စိစစ် ပြန်ကြားခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင်လည်း မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် စိစစ်ပြန်ကြား နိုင်ရေးအတွက် အလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊ ယခုအခါနိုင်ငံတော်အစိုးရမှ အကောင် အထည်ဖော် ဆောင်ရွက်နေသည့် e-Government စနစ်၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သော နိုင်ငံသား မှတ်ပုံတင်စနစ်ကို Electronic စနစ်နဲ့ လူဦးရေမှတ်ပုံတင်ခြင်း (NeID)လုပ်ငန်းကိုလည်း ဆောင်ရွက် သွားရန် စီစဉ်နေပြီဖြစ်သည်ကိုပြောကြားလိုပါကြောင်း၊ အခုလက်ရှိဆောင်ရွက်လျက်ရှိသည့် နိုင်ငံသား မှတ်ပုံတင်စနစ်တွင် အားနည်းချက် အမျိုးမျိုးရှိသည်ကို တွေ့ရသည့်အတွက် နည်းပညာကိုအသုံးပြု၍ Electronic စနစ်နဲ့ ကိုယ်ရေးအချက်အလက်တွေ သိမ်းဆည်းနိုင်ရန် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက်ခဲ့သည့် ၂၀၁၄ ခုနှစ်မှာ ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းစဉ်သည် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာကုန်တွင် ပြီးဆုံးသွားပြီ ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်း အစီရင်ခံစာအားလုံး ထုတ်ပြန်ပြီးဖြစ်သကဲ့သို့ အစီရင်ခံစာပါ အချက်အလက်များကို အကျိုးရှိစွာ အသုံးပြုနိုင်ရေးအတွက် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်နဲ့ မြို့နယ်ရုံးတွေက အချက်အလက် အသုံးပြုသူတွေထံ ရောက်ရှိအောင် ဖြန့်ဝေပေးရန် မှာကြား လိုပါကြောင်း၊ ယခုအစည်းအဝေးတွင် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု နှင့် ရှေ့လုပ်ငန်းစဉ်တွေအပေါ် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များ၊ လုပ်ငန်းဆိုင်ရာ အခက်အခဲများနှင့် လုပ်ငန်းလိုအပ်ချက်များ၊ ဖြည့်ဆည်းပေးရမည့် ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေး တင်ပြကြရန် တိုက်တွန်းပါကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများက တိုင်းဒေသကြီး/ပြည်နယ်အလိုက် လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် လုပ်ငန်းလိုအပ်ချက်များ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းအခြေအနေများကို အသီးသီးရှင်းလင်းတင်ပြကြပြီး အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများက လုပ်ငန်းလိုအပ်ချက် များကို ဖြည့်စွက်ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး လိုအပ်သည်များ မှာကြားညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းနှင့် အစည်းအဝေးကို ဇန်နဝါရီလ (၁၃)ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။(-)