ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံသံရုံးမှ သံအမတ်ကြီး Mr. Nicholas Coppel အား နေပြည်တော်၌ လက်ခံတွေ့ဆုံ၊ တစ်ဖက်နိုင်ငံသို့ နေရပ် စွန့်ခွာထွက်ပြေးတိမ်းရှောင်သူများအား ပြန်လည်လက်ခံရေးနှင့် နှစ်နိုင်ငံလူဝင်မှုကြီးကြပ်ရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး။

နေပြည်တော်၊ ဇန်နဝါရီ ၃၁ ။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံသံရုံးမှ သံအမတ်ကြီး Mr. Nicholas Coppel နှင့်အဖွဲ့အား ဇန်နဝါရီလ(၃၁)ရက် ယနေ့ညနေ(၄)နာရီ(၁၅)မိနစ်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး ရခိုင်ပြည်နယ် အတွင်း ပဋိပက္ခဖြစ်စဉ်များကြောင့် တစ်ဖက်နိုင်ငံသို့ထွက်ပြေးတိမ်းရှောင်သူများ ပြန်လည်လက်ခံရေး အတွက် စီစဉ်ဆောင်ရွက်မည့် လုပ်ငန်းအဆင့်ဆင့်နှင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံညှိနှိုင်း ဆောင်ရွက်နေမှု၊ မြန်မာ-သြစတြေးလျနှစ်နိုင်ငံအကြား လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်း များ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် နားလည်မှုစာချွှန်လွှာလက်မှတ်ရေးထိုး အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ဌာနဝန်ထမ်းများအတွက် စွမ်းရည်မြှင့်သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးမည့် အစီအစဉ်နှင့် နယ်စပ်ဒေသထိန်းချုပ်ရေးဆိုင်ရာ အတွေ့အကြုံများ မျှဝေဖလှယ်ပေးနိုင်ရေး ဆောင်ရွက်ပေးမည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သတင်း ရရှိသည်။(-)