၁၂ ကြိမ်မြောက်ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာအာဆီယံဖိုရမ်အတွက် နိုင်ငံအဆင့်သုံးပွင့်ဆိုင် အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် သြဂုတ် ၁၆
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အပြည်ပြည် ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ -ILO တို့ပူးပေါင်း၍ ၁၂ ကြိမ်မြောက် ရွှေ့ပြောင်းအလုပ်သမား ဆိုင်ရာ အာဆီယံဖိုရမ်အတွက် နိုင်ငံအဆင့်သုံးပွင့်ဆိုင် အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၁၆-၈-၂၀၁၉ ရက်နေ့တွင် နေပြည်တော်၊ သင်္ဂဟဟိုတယ်၌ ကျင်းပခဲ့ရာ အကြိုလုပ်ငန်းညှိနှိုင်း အစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ အလုပ်သမားရေးရာဆိုင်ရာ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် ၊ Australian Department of Foreign Affairs and Trade (DFAT) မှ ကိုယ်စားလှယ်၊ Embassy of Canada to Myanmar မှ Counsellor Ms. Eileen Stewart နှင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာ အဖွဲ့(ILO-Yangon) မှ Liaison Officer Mr. Donglin Li တို့ကအဖွင့်အမှာစကားများ ပြောကြားခဲ့ပြီး ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့မှကိုယ်စားလှယ်များ၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာ အဖွဲ့-ILOမှ ကိုယ်စားလှယ်များ၊ UN/ INGO/ NGO မှ ကိုယ်စားလှယ်များ၊ အလုပ်ရှင်နှင့် အလုပ် သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် အရပ်ဖက် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ် များအပါအဝင် စုစုပေါင်း ၇၆ ဦးခန့် တက်ရောက်ခဲ့သည်။
အဆိုပါ အစည်းအဝေးကို ယခင်နှစ်များက ကျင်းပခဲ့သော ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အာဆီယံဖိုရမ်များ၏ အကြံပြုချက်များကို အကောင်အထည်ဖော်ခြင်းနှင့်ပတ်သက်၍ တိုးတက်မှု အခြေအနေများ စဉ်းစားသုံးသပ်ရန်၊ ၁၂ကြိမ်မြောက် အာဆီယံဖိုရမ်၏ ခေါင်းစဉ်ခွဲ (၂) ရပ်ဖြစ် သည့် ရေရှည်ဖွံ့ဖြိုးတိုးတက်၍ မျှတပြီး တန်းတူညီမျှမှုရှိသော ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ စိန်ခေါ်မှုများနှင့် ရွှေ့ပြောင်းအလုပ်သမားများ အလုပ်အကိုင် ရရှိရေးဆိုင်ရာ စိန်ခေါ်မှုများတို့နှင့် စပ်လျဉ်းသည့် အကြောင်းအရာများကို ဆွေးနွေးရန်နှင့် ၁၂ ကြိမ်မြောက် အာဆီယံဖိုရမ်သို့ တက်ရောက်ကြမည့် ကိုယ်စားလှယ်များအတွက် အကြံပြုချက်များ ပြင်ဆင်နိုင်ရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်။
အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် က ရွှေ့ပြောင်းအလုပ်သမားများ ၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ခြင်းနှင့် မြှင့်တင်ခြင်းဆိုင်ရာ အာဆီယံကြေငြာစာတမ်းပါ အခြေခံမူများ အား ထိရောက်စွာအကောင်အထည်ဖော်နိုင်ရန် နှစ်စဉ်အကြိုညှိနှိုင်းအစည်းအဝေးကျင်းပပြီး အကြံပြုချက်များ ရယူခဲ့ကြောင်း၊ ယခုနှစ်တွင် ထိုင်းနိုင်ငံ၌ စက်တင်ဘာလ ၂၅ ရက်နေ့ မှ ၂၆ ရက်နေ့ထိ ၁၂ ကြိမ်မြောက် ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ အာဆီယံဖိုရမ်ကို “အနာဂတ် အလုပ်အကိုင်နှင့် ရွှေ့ပြောင်းသွားလာခြင်း” ဆိုသည့် ခေါင်းစဉ်ဖြင့် ကျင်းပသွားမည် ဖြစ်ကြောင်း၊ ယခုအစည်းအဝေးမှ ရရှိလာမည့် ရလဒ်များကို ၁၂ ကြိမ်မြောက် ဖိုရမ်တွင် ထည့်သွင်းဆွေးနွေး သွားမည်ဖြစ်ပြီး၊ အာဆီယံဒေသတွင်း ရွှေ့ပြောင်းအလုပ်သမားများ ကြုံတွေ့နေရသည့် အဓိက ကိစ္စရပ်များတွင် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားနှင့် အရပ်ဖက်လူမှု အဖွဲ့အစည်းတို့အကြား ပွင့်ပွင့်လင်းလင်းချပြဆွေးနွေးနိုင်သည့် ဆွေးနွေးပွဲဖြစ်ကြောင်း မြန်မာနိုင်ငံတွင် သုံးပွင့်ဆိုင်အကြို လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို ပဉ္စမအကြိမ် အကြိုလုပ်ငန်းညှိနှိုင်း အစည်းအဝေးမှ စတင် ကျင်းပခဲ့သည်ဖြစ်၍ ယခု ၈ ကြိမ်မြောက် ကျင်းပခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ယနေ့ကမ္ဘာတွင် နည်းပညာများ တိုးတက်မြင့်မားလာသည်နှင့်အမျှ အခြေခံအလုပ်သမား များအနေဖြင့် နည်းပညာအသုံးပြုသည့် လုပ်ငန်းများတွင် လုပ်ကိုင်နိုင်ရန် စိန်ခေါ်မှုများနှင့် ကြုံတွေ့နိုင်ကြောင်း၊ အလုပ်သမားများသည် ကျောင်းနှင့် တက္ကသိုလ်များမှ ရရှိသည့် သင်ခန်းစာ နှင့်သာ ရောင့်ရဲတင်းတိမ် မနေသင့်ဘဲ ဆင့်ပွားလေ့လာသင်ယူမှုနဲ့ သက်မွေးမှုအတတ်ပညာများ၊ အထူးသဖြင့် လုပ်ငန်းခွင်အတွင်း လေ့လာသင်ယူခြင်းဖြင့် အနာဂတ် အလုပ်အကိုင် အခွင့်အလမ်း တိုင်းအတွက် အရေးကြီးလာကြောင်း၊ နည်းပညာတိုးတက်မှု၊ ရာသီဥတုပြောင်းလဲမှု၊ လူဦးရေ ပြောင်းလဲလာမှုများနှင့် ကမ္ဘာလုံးဆိုင်ရာဖြစ်စဉ် Globalization တို့သည် အလုပ်အကိုင်ရပ်ဝန်း များ ပြောင်းလဲစေရန် ဦးတည်နေကြောင်း၊ ပြောင်းလဲမှုများသည် လျှင်မြန်လျက်ရှိပြီး အလုပ် အကိုင်ပုံသဏ္ဍန်များ၊ လုပ်ငန်းခွင်ဆက်ဆံရေးများ၊ ကျွမ်းကျင်မှုလိုအပ်ချက်များ၊ လူမှုဖူလုံရေး၊ နည်းပညာထုတ်လုပ်မှုများ၊ အလုပ်အကိုင်အဖွဲ့အစည်းများ၊ အလုပ်အကိုင်စီမံခန့်ခွဲမှုများနှင့် သုံးပွင့်ဆိုင်ပူးပေါင်း ဆောင်ရွက်မှုတို့အပေါ် ကြီးမားသည့်သက်ရောက်မှုကို ဖြစ်ပေါ်စေကြောင်း ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံ၏ Myanmar Sustainable Development Plan- MSDP (ရေရှည်တည်တံ့ သောဖွံ့ဖြိုးမှုစီမံချက်) တွင် အလုပ်သမား ရေးရာနှင့်ပတ်သက်၍ အာဆီယံ၏ကတိကဝတ်များ၊ ကမ္ဘာလုံးဆိုင်ရာ ရေရှည်ဖွံ့ဖြိုးမှု ရည်မှန်းချက်ပန်းတိုင်များနှင့်အညီ ရေးဆွဲခဲ့ပြီး အဆိုပါ စီမံချက် ပါ လုပ်ငန်းအစီအစဉ်များကို ဝန်ကြီးဌာနများနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ကဏ္ဍအစုံ ပါဝင် ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရေးနှင့်နိုင်ငံတော်အစိုးရ၏ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များကိုအထောက်အကူပြုရန်အလုပ်လုပ်နိုင်သည့်အသက်အရွယ်ရှိ အမျိုးသား၊ အမျိုးသမီးများ သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိစေရေး၊ သုံးပွင့်ဆိုင် ကိုယ်စားလှယ်များ ဆွေးနွေးညှိနှိုင်းရေးဆွဲထားသော သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင် ဆိုင်ရာဌာနေ အစီအစဉ် ၂၀၁၈-၂၀၂၁ (Decent Work Country Programme – DWCP 2018-2021) အရ လုံခြုံစိတ်ချရသည့် ရွှေ့ပြောင်းသွားလာမှု ဖြစ်စေရေး၊ ရွှေ့ပြောင်းအလုပ်သမားများ၏ လူနေမှုဘဝမြှင့်တင်ရေး၊ ပြည်သူလူထုအကြား လုံခြုံစိတ်ချရသည့် ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ အသိပညာပေးမှု မြှင့်တင်ရေးတို့အတွက်ရွှေ့ပြောင်းအလုပ်သမားများအပါအဝင် အလုပ်သမားများ အတွက် လုပ်သားဈေးကွက် သတင်းအချက်အလက်စနစ်နှင့် ဝန်ဆောင်မှုများ အဆင့်မြှင့်ခြင်း၊ အလုပ်အကိုင်နှင့်လုပ်သားများရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှုပေးသည့် ဝန်ဆောင်မှုများပိုမိုကောင်းမွန်လာရန်နှင့် လုပ်သားဈေးကွက်သတင်းအချက်အလက်ဝန်ဆောင်မှု အစီအစဉ်များအကြောင်း အသိပညာပေး ဖြန့်ဝေပေးခြင်းတို့ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ INGO၊ NGO တို့နှင့် ပူးပေါင်း၍ ဆောင်ရွက်လျက် ရှိကြောင်း ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံအနေဖြင့်အနာဂတ်အလုပ်အကိုင်နှင့်ပတ်သက်၍ လက်ရှိအလုပ်အကိုင်နယ်ပယ် များ ပိုမိုဖွံ့ဖြိုးအောင် ဆောင်ရွက်နေသကဲ့သို့ အလုပ်သမားများ၏ လူမှုစီးပွားဘဝတိုးတက်လာ စေရန်လုပ်သားစျေးကွက်သစ်များဖော်ထုတ်ပေးလျက်ရှိကြောင်း၊အလုပ်သမားရေးရာနှင့်ပတ်သက် ပြီး အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရသုံးပွင့်ဆိုင် လူမှုရေးဆွေးနွေးမှုများ အားကောင်းလာစေရန် ဆောင်ရွက်ခြင်း၊ ILO၊ IOM အပါအဝင် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များ၊ ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ILO နှင့် တက်ရောက်လာသည့် ကိုယ်စားလှယ်များမှ အစည်းအဝေးနှင့် စပ်လျဉ်း၍ ပြန်လည်သုံးသပ်ခြင်း၊ ဆွေးနွေးခြင်း၊ အကြံပြုချက်များ ရယူခြင်းများပြုလုပ်ခဲ့ပြီး နိုင်ငံအဆင့်အကြိုညှိနှိုင်းအစည်းအဝေးမှတိုက်တွန်းချက်များချမှတ်ခဲ့ကြောင်းသတင်းရရှိပါသည်။