အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်မြို့၊ မေလ ၂၆ရက်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ နှင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO)- VZF တို့ပူးပေါင်း၍ အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့်အာမခံစနစ် လုပ်ငန်းဖြေလျော့မှုစမ်းသပ်စီမံကိန်း (EII Pilot Project Launching) စတင်ခြင်းအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ မေလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ လှိုင်သာယာစက်မှုဇုန် (၆)၊ ပန်းလှိုင်ဂေါက်ကွင်းအိမ်ရာဝင်း ရှိ Awei Metta Hotel (Ballroom) ၌ ကျင်းပပါသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်၊  အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်တို့မှ ကိုယ်စားလှယ် များ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့(ILO)မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ကိုယ်စားလှယ်များ၊ အလုပ်ရှင်အဖွဲ့အစည်းနှင့် အလုပ်သမားအဖွဲ့အစည်းတို့မှ ကိုယ်စားလှယ် များနှင့် တာဝန်ရှိသူများ၊ အမျိုးသားအဆင့်လူမှုဖူလုံရေးအဖွဲ့မှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင် မှပြောကြားရာတွင် လူမှုဖူလုံရေးစနစ်များအောင်မြင်စေရေးသည် ယင်းစနစ်အပေါ် အများပြည်သူ ယုံကြည်မှုရှိစေရန် အရေးပါသကဲ့သို့ ယင်းယုံကြည်မှု ဖြစ်ပေါ်စေရေးအတွက် ကောင်းမွန်သည့် အုပ်ချုပ်မှု (Good Governance) သည် မရှိမဖြစ်လိုအပ်ပါကြောင်း၊ ထို့ကြောင့် ထိရောက်သည့် လူမှုဖူလုံရေးအစီအစဉ်များ (Effective social security schemes) အတွက် စီမံခန့်ခွဲမှုလုပ်ငန်း များ (Administrative operations)ဖြစ်သည့် ထည့်ဝင်ကြေး(Contribution)များ စနစ်တကျ ကောက်ခံရေးနှင့် အကျိုးခံစားခွင့်များအမြန်ဆုံးပေးအပ်ရေး၊ ထည့်ဝင်ကြေးဆိုင်ရာ စာရင်းအင်း များ မှန်ကန်တိကျစေရေး၊ စီမံခန့်ခွဲမှုလုပ်ငန်းဆောင်တာများကို ကုန်ကျစရိတ်အနည်းဆုံးဖြင့်  အဆင့်မီဆောင်ရွက်နိုင်ရေး၊ ထည့်ဝင်ကြေးပေးသွင်းသူများနှင့် အကျိုးခံစားခွင့်ရရှိမည့်သူများ အား ယင်းတို့၏ အခွင့်အရေး နှင့်တာဝန်များကိုသိရှိရန် အသိပညာပေးရေး၊ စီမံခန့်ခွဲမှုလုပ်ငန်း ဆောင်ရွက်ချက်များကို စိစစ်တိုင်းတာရေးနှင့် ပြန်လည်သုံးသပ်ရေးတို့ကို ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ကောင်းမွန်သည့် လူမှုဖူလုံရေးစီမံအုပ်ချုပ်မှု (Governance of Social Security) လုပ်ငန်းစဉ်အောင်မြင်ရေးအတွက် အစိုးရ၊ လူမှုဖူလုံရေးအဖွဲ့သာမက အလုပ်ရှင်များ၊ အလုပ်သမားများနှင့် အကျိုးခံစားခွင့်ရရှိသူများပါ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီးနောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့(ILO) မှ  Liaison Officer – Rory Mungoven မှ အမှာစကား ပြောကြားခဲ့ပါသည်။

ထို့နောက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်မှ ဆက်လက်ပြောကြားရာတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် အလုပ်သမားရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ အလုပ်သမား ဥပဒေများနှင့်အညီ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ပူးပေါင်း ဆောင်ရွက်မှုဖြင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရန်အတွက် မျှော်မှန်းချက်ချမှတ်ပြီး တည်ငြိမ်အေးချမ်းသည့် လုပ်ငန်းခွင်များဖြစ်ပေါ်စေရေး၊ သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိရေးနှင့် ဘေးကင်း သည့် ရွှေ့ပြောင်းသွားလာမှုဖြစ်ပေါ်ရေး၊ ကျွမ်းကျင်မှုလေ့ကျင့်သင်ကြားရေး၊ လူမှုအကာအကွယ်နှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးစသည့် ရည်မှန်းချက်(၉)ရပ်ဖြင့် လုပ်ငန်းများအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့(ILO)နှင့် ပူးပေါင်းပြီး ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်(၄)ရပ်ကို ဆောင်ရွက် လျက်ရှိရာ Administrative Reform ပါ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သော အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့်အာမခံစနစ် လုပ်ငန်းစဉ်ဖြေလျှော့မှုစမ်းသပ်စီမံကိန်းကို နိုင်ငံတကာမှ ကျွမ်းကျင်သူ ပညာရှင်များနှင့်ပူးပေါင်းပြီး လေ့လာဆန်းစစ်၍ ထိရောက်ကောင်းမွန်သည့် ဝန်ဆောင်မှုများ ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့တွင် အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့် အာမခံစနစ် လုပ်ငန်းစဉ်ဖြေလျှော့မှု စမ်းသပ်စီမံကိန်းစတင်ခြင်း အခမ်းအနားကို ပြုလုပ်နိုင်ခဲ့ပြီး အဆိုပါလုပ်ငန်းစဉ်ဖြေလျော့မှု စမ်းသပ်စီမံကိန်းကိုလာမည့် ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့မှ ဒီဇင်ဘာလအထိ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်တို့မှာ စမ်းသပ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ Pilot စတင်ဆောင်ရွက်နိုင်ခြင်းသည်လည်း မိမိတို့နှင့် အပြည်ပြည် ဆိုင်ရာအလုပ်သမားအဖွဲ့(ILO)တို့ ပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်မှုခြေလှမ်းပင် ဖြစ်ပါကြောင်း၊

ထို့အပြင် Pilot ဆောင်ရွက်နေစဉ်ကာလအတွင်းမှာလည်း Monitoring and Evaluation (M&E) ကို ဆက်စပ်ဆောင်ရွက်သွားမှာဖြစ်သည့်အတွက် Pilot ဆောင်ရွက်စဉ်ကြုံတွေ့ရသည့် အခက်အခဲများကို ပြန်လည်သုံးသပ်ပြီး ကျန်သည့်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်ရှိသည့် မြို့နယ်များ၌ တိုးချဲ့ဆောင်ရွက်ခြင်းအပြင် ကျန်သည့်အကျိုးခံစားခွင့်များကို ဆက်လက် ဖြေလျှော့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားလိုပါကြောင်း၊

လူမှုဖူလုံရေးအဖွဲ့အနေဖြင့် လှိုင်သာယာမြို့နယ်အတွင်းမှာ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့မှ စတင်ပြုလုပ်မည့် အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့်အာမခံစနစ် လုပ်ငန်းစဉ် ဖြေလျှော့မှုစမ်းသပ်စီမံကိန်းမှာ အလုပ်ရှင်၊ အလုပ်သမားများအပြင် သက်ဆိုင်ရာဌာနရှိဝန်ထမ်းများ အနေနှင့်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး တက်ရောက်လာကြသူများနှင့်ဖွင့်ပွဲ အထိမ်းအမှတ်အမှတ်တရဓါတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။

အခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို ဆက်လက်ကျင်းပခဲ့ရာ အခမ်းအနားတွင် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့(ILO) ၊ Senior Technical Officer – Ms. Mariana Infante Villarroel က EII Pilot Project ဒီဇိုင်းရေးဆွဲခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်မှ EII Pilot Project ဆောင်ရွက်မှုလုပ်ငန်းများအား ရှင်းလင်းခဲ့ပါသည်။ ၎င်းနောက် တက်ရောက်လာသူများမှ သိလိုသည်များ မေးမြန်းရာ လူမှုဖူလုံရေးအဖွဲ့တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြပြီး အခမ်းအနားကို မွန်းလွဲ (၁၂:၃၀) အချိန်တွင် ပြီးစီးပါကြောင်း သိရှိရပါသည်။