အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ မြန်မာနိုင်ငံဆိုင်ရာဗြိတိန်နိုင်ငံသံရုံးမှသံအမတ်ကြီး Mr. Daniel Patrick Chugg အားလက်ခံတွေ့ဆုံ

နေပြည်တော်   ၊ဇူလိုင်  ၄ ရက်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံရုံးမှသံအမတ်ကြီး Mr. Daniel Patrick Chugg အားယနေ့နံနက်၁ဝး၀၀နာရီအချိန်တွင်နေပြည်တော်ရှိအဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ခန်းမတွင်လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး နှင့်အတူ အမြဲတမ်းအတွင်းဝန်များ နှင့် တာဝန် ရှိသူများတက်ရောက်ခဲ့ကြပြီး ရခိုင်ပြည်နယ် အတွင်း NVC ကတ်ကိုင်ဆောင်သူများ အနေဖြင့် လွတ်လပ်စွာသွားလာနိုင်မှုရှိ/မရှိ ၊ နိုင်ငံသားဖြစ်မှုဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ ကြားဖြတ် သန်းခေါင်စာရင်းကောက်ယူမည့် အခြေအနေများ၊ လူမျိုးစုစာရင်းထုတ်ပြန်နိုင်မှု အခြေအနေများ နှင်ပတ်သက်၍မေးမြန်းဆွေးနွေးခဲ့ရာ မြန်မာနိုင်ငံအစိုးရအနေဖြင့် ကိုဖီအာနန် ၏အကြံပြုချက်များ ကိုအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ အချို့သောကိစ္စရပ်များသည် ချက်ချင်းဆောင်ရွက် ပေးနိုင်သကဲ့သို့ ကာလတစ်ခု၊ ရေရှည်ဆောင်ရွက်ရသည်များရှိ၍ လိုအပ်ချက်များအား ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊  NVC ကတ်ကိုင်ဆောင်ထားသူများ အားလုံးအနေဖြင့် သက်ဆိုင်ရာ မြို့နယ်အတွင်းလွတ်လပ်စွာ သွားလာခွင့်ရှိပြီးတားမြစ်ထားမှုမရှိပါကြောင်း၊သို့ရာတွင် အချို့သော နေရာများ၌ နှစ်ဖက်အဖွဲ့အစည်းယုံကြည်မှု မရှိသေးသည့်အတွက် သွားလာရန်၎င်းတို့ကိုယ်တိုင် မသွားမလာရဲမှုကြောင့်ဖြစ်ပါကြောင်း၊ ထို့အပြင်အချို့သောအောက်ခြေအဖွဲ့အစည်းများအနေဖြင့် စိုးရိမ်မှုလွန်ကဲ၍ တားမြစ်မှုများရှိကောင်းရှိနိုင်ပြီး ဥပဒေအရထားမြစ်ထားမှုမရှိပါကြောင်း၊ NVC ကတ်ကိုင်ဆောင်ထားသူများသည် ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး ကိစ္စရပ်များ ဆောင်ရွက် ရန်အခြားဒေသများသို့သွားလိုပါက ခွင့်ပြုချက်ရယူ၍ သွားလာခွင့်ရှိပါကြောင်း NVC ကတ်ထုတ် ပေးမှုများကို ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင်သာမက အခြားမြန်မာနိုင်ငံနှင့်ထိစပ်နေသည့် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ လာအိုနိုင်ငံ နယ်စပ်ဒေသများတွင်လည်း အလားတူတစ်ပြေးညီ လုပ်ဆောင်လျှက်ရှိ တာဖြစ်ကြောင်း အဆိုပါဒေသများတွင် ထုတ်ပေးထားသောကတ် အရေအတွက်မှာ ဘူးသီးတောင်၊ မောင်တောဒေသထက် ပိုမိုများပြားပါကြောင်း၊ နိုင်ငံသားဖြစ်မှုလုပ်ငန်းစဉ်များကိုလည်း လုပ်ငန်း အဆင့်များဖြေလျော့လျှက် သတ်မှတ်အချိန်ကာလအတွင်းထုတ်ပေးလျက်ရှိပါကြောင်း၊၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းကောက်ယူမှုအနေဖြင့် ၂၀၁၄ ခုနှစ်ကောက်ယူမှုအတိုင်းမေးခွန်းလွှာများ ပြုစုပြီး တိုင်းဒေသကြီး/ပြည်နယ်များတွင် ၅%စီ ဆက်လက် ကောက်ယူသွားမည်ဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ် တွင် သန်းခေါင်စာရင်းကောက်ယူရေးအတွက် ပညာရှင်များ၏ အကြံဉာဏ်များရယူ၍ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျှက်ရှိပါကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသည့် သူများအား ပြန်လည်လက်ခံရေးနှင့်ပတ်သက်၍မကြာမီလုပ်ငန်းကော်မတီအဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သို့သွားရောက်ရန်ရှိပါကြောင်း၊ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များအတွက်  ပြန်လည်ဝင်ရောက် လာပါက ၎င်းတို့၏လုံခြုံမှုရှိရေး၊ ကာယကံရှင်၏ ဆန္ဒဖြစ်ရေး၊ ဂုဏ်သိက္ခာရှိစွာ နေထိုင်နိုင်ရေးတို့ အတွက်မိမိတို့ဘက်မှအစစ ကြိုတင်ပြင်ဆင်ထားရှိပြီးဖြစ်ပါကြောင်း ၊မြန်မာနိုင်ငံနှင့်ဘင်္ဂလားဒေ့ရှ် နိုင်ငံ နှစ်နိုင်ငံနားလည်မှုရှိစွာရေးထိုးထားသည့် MOU အတိုင်းဆောင်ရွက်ပါကပြန်လည်လက်ခံရေး ကိစ္စရပ်များ အမြန်ပြီးမြောက် မည်ဟုယုံကြည်ပါကြောင်း ပြန်လည်ပြောကြားခဲ့ပြီး ဘူးသီးတောင်၊ မောင်တောဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။