ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ နော်ဝေနိုင်ငံဒုက္ခသည်များဆိုင်ရာကောင်စီ NRC ရုံးချုပ်မှ အတွင်းရေးမှူးချုပ် Mr. Jan Laurits Egeland အားလက်ခံတွေ့ဆုံ၊ ဝန်ကြီးဌာနနှင့် NRC တို့ အကြား လုပ်ငန်းများပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေး

နေပြည်တော်၊ နိုဝင်ဘာ ၂ ။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် နော်ဝေနိုင်ငံဒုက္ခသည်များဆိုင်ရာကောင်စီ (Norwegian Refugee Council -NRC) ရုံးချုပ်မှ အတွင်းရေးမှူးချုပ်   Mr. Jan Laurits Egeland အား နိုဝင်ဘာလ(၁)ရက် မွန်းလွဲ (၁၂) နာရီအချိန်တွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန် ဦးအေးလွင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မိမိဝန်ကြီးဌာနနှင့် နော်ဝေနိုင်ငံဒုက္ခသည်များဆိုင်ရာကောင်စီ (Norwegian Refugee Council – NRC) တို့ ပူးပေါင်း၍ တိုင်းဒေသကြီး / ပြည်နယ် (၇) ခုတို့၌ မြန်မာနိုင်ငံအတွင်းနေထိုင်သူများအား ကိုင်ဆောင်သင့် သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးရေး လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများ၊ မိမိဝန်ကြီးဌာန အတွက် NRC မှ ရုံးအဆောက်အဦ (၁) လုံး ဆောက်လုပ်လှူဒါန်းခဲ့မှုအခြေအနေ၊ ကချင်ပြည်နယ် ရှိ IDP စခန်းများ၌ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေးအတွက်ဆောင်ရွက်နေမှု၊ ရခိုင် ပြည်နယ်၊ ဘူးသီးတောင်နှင့် မောင်တောဒေသအတွင်း နိုင်ငံသားစိစစ်ရေးလုပ်ငန်းနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သူများ ပြန်လည်လက်ခံရေးလုပ်ငန်းတို့တွင် NRC မှ ပံ့ပိုးကူညီ ဆောင်ရွက်ပေးနိုင်ရေး အခြေအနေ၊ ယင်းလုပ်ငန်းစဉ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အတွက် ဝန်ကြီးဌာနနှင့် NRC တို့အကြား နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့ (Technical Working Group- TWG ) ဖွဲ့စည်းဆောင်ရွက်နိုင်ရေးအခြေအနေ၊ မိမိတို့ဝန်ကြီးဌာနမှ e-ID စနစ် အကောင်အထည်ဖော်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုအခြေအနေ၊ ဝန်ကြီးဌာနနှင့် NRC တို့အကြား နားလည်မှုစာချွန်လွှာအရ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း ၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိသည်။