ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ e-ID စနစ်လုပ်ငန်းကော်မတီ၏စတုတ္ထအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်၊ လုပ်ငန်းသဘောတူစာချုပ် (မူကြမ်း) အပေါ် ပွင့်ပွင့်လင်းလင်း အကြံပြု ဆွေးနွေးပေးကြရန် တိုက်တွန်း

နေပြည်တော်၊  နိုဝင်ဘာ   ၁ ။

          မြန်မာနိုင်ငံ၏ e-ID စနစ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် e-ID စနစ် လုပ်ငန်းကော်မတီ၏ စတုတ္ထအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာလ (၁) ရက်၊  ယနေ့ နေ့လည်(၁)နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ e-ID စနစ်လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးနှင့် လုပ်ငန်းကော်မတီဝင်များ၊ တာဝန်ရှိသူများတက်ရောက်ကြသည်။

          အစီအစဉ်အရ ရှေးဦးစွာ e-ID စနစ်လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အမှာစကားပြောကြားရာတွင် e-Government စနစ် အကောင်အထည်ဖော်ရာမှာ အခြေခံကျသည့် နိုင်ငံတွင်းနေထိုင်သူများကို နည်းပညာအသုံးပြု၍ မှတ်ပုံတင်သည့် e-IDစနစ်ကို အကောင်အထည်ဖော်နိုင်ရန်အတွက် e-ID စနစ်လုပ်ငန်းကော်မတီကို ဖွဲ့စည်းကာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးများကျင်းပဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းလုပ်ငန်းစဉ်အား မြန်မာနိုင်ငံနှင့် ဩစတြီးယားနိုင်ငံအစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းဖြစ်ပြီး မိမိတို့ဝန်ကြီးဌာနနှင့် ဩစတြီးယားနိုင်ငံ OeSD ကုမ္ပဏီတို့မှ လုပ်ငန်းသဘောတူစာချုပ် ချုပ်ဆို၍ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ဩစတြီးယားနိုင်ငံ OeSD  မှ e-IDစနစ် တည်ဆောက်ရန်အတွက် အဆိုပြုတင်ပြသည့် စီမံကိန်းအဆိုပြုလွှာကို ဆက်စပ်ဝန်ကြီးဌာနများ၊ e-ID စနစ်လုပ်ငန်းကော်မတီ ဝင်များ၊ ဆပ်ကော်မတီများ ၊ အထူးသဖြင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ ဖွံ့ဖြိုးမှုအကူအညီများ ညှိနှိုင်းရေးအဖွဲ့ (DACU)၊ e-Government အကောင်အထည် ဖော်ရေးလုပ်ငန်းကော်မတီအောက်တွင် ဖွဲ့စည်းထားသည့် အခြေခံအဆောက်အဦ၊ စနစ်နှင့် ပုံစံ ဒီဇိုင်းဆပ်ကော်မတီနှင့် ဆိုက်ဘာလုံခြုံရေးဆပ်ကော်မတီ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် တို့အား လေ့လာသုံးသပ်အကြံပြုချက်များ တောင်းခံခဲ့ကြပါကြောင်း၊ ယင်းလေ့လာသုံးသပ် အကြံပြု ချက်အပေါ် ညှိနှိုင်းအစည်းအဝေးများ ကျင်းပဆောင်ရွက်ခဲ့ပြီး ဩစတြီးယားနိုင်ငံ OeSD နှင့် လုပ်ငန်းသဘောတူစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် စာချုပ်(မူကြမ်း)ကို ကော်မတီဝင်များ၊ ပညာရှင် အဖွဲ့အစည်းများနှင့် အကြိမ်ကြိမ်ညှိနှိုင်းဆွေးနွေးဆောင်ရွက်ခဲ့ပါကြောင်း၊ ညှိနှိုင်းဆွေးနွေးမှုများနှင့် ပတ်သက်၍ OeSDနှင့် အချိန်နှင့်တစ်ပြေးညီ ညှိနှိုင်းရန်လိုအပ်ချက်များကိုလည်း နည်းလမ်းပေါင်းစုံ ဖြင့်ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ခဲ့ပါကြောင်း၊ OeSD ကုမ္ပဏီမှ တာဝန်ရှိသူများသည်လည်း မြန်မာ နိုင်ငံသို့လာရောက်၍ လုပ်ငန်းနှင့်ပတ်သက်သည့်ကော်မတီများ ၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ နှင့်တွေ့ဆုံ၍ အသေးစိတ်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ဆွေးနွေးညှိနှိုင်းမှုများအပေါ် လုပ်ငန်းသဘောတူစာချုပ်ကို အကြိမ်ကြိမ်ပြင်ဆင်ဆောင်ရွက်ခဲ့ရာမှာ လက်ခံပြင်ဆင်ပေးသည့် အချက်အလက်များရှိသကဲ့သို့ ဩစတြီးယားနိုင်ငံ၏မူဝါဒအရ ပြင်ဆင်ပေးခြင်းမရှိသည့် အချက်များ ကိုလည်း တွေ့ရှိရပါကြောင်း၊ နောက်ဆုံးအခြေအနေအရ လုပ်ငန်းသဘောတူစာချုပ် (မူကြမ်း) ကို အဓိကဆွေးနွေးရန် ကျန်ရှိသည့်အချက်မှာ ချေးငွေပေးချေမှုအပိုင်းဖြစ်ပါကြောင်း၊ OeSD က အဆိုပြု ထားသည့်ပေးချေမှု ၊ DACU က သဘောထားမှတ်ချက်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက အကြံပြုချက်များအပေါ် ညှိနှိုင်းနေဆဲဖြစ်ပြီးဝန်ကြီးဌာနများ ၊ လုပ်ငန်းကော်မတီဝင်များနှင့် ဆပ်ကော်မတီဝင်များ၏ အကြံပြုချက်များကိုလည်း ညှိနှိုင်းဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ လုပ်ငန်းသဘောတူစာချုပ် နောက်ဆုံးပြင်ဆင်ထားမှုအခြေအနေကို ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ပေးပို့ထားပြီး သဘောထားမှတ်ချက် တောင်းခံထားပြီးဖြစ်ပါကြောင်း၊ e-ID စနစ်တွင် Enrolment ဆောင်ရွက်ပြီးပါက နံပါတ်တစ်ခုပေးပြီး ကတ်ပြားထုတ်နိုင်ရန်အတွက် အသေးစိတ်အစီအမံကို လည်းတင်ပြရန်ညှိနှိုင်းထားပါကြောင်း၊ အသေးစိတ်အချက်အလက်များကို ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားရန်ရှိပါကြောင်း၊ အချိန်ကိုက်ဆောင်ရွက်ရမည့် လုပ်ငန်းစီမံချက်ရေးဆွဲပြုစုနိုင်ရေး အတွက် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ e-ID စနစ် လုပ်ငန်းကော်မတီအနေဖြင့် လုပ်ငန်း သဘောတူစာချုပ် အပြီးသတ်ဆွေးနွေးပြီးပါက စီးပွားရေးရာကော်မတီ သို့ပြန်လည်တင်ပြခြင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်ထောင်စုလွှတ်တော်သို့ အမြန်ဆုံးတင်ပြ ခွင့်ပြုချက်တောင်းခံခြင်း တို့ကိုဆောင်ရွက်ပြီး ခွင့်ပြုချက်ရရှိပါက လုပ်ငန်းများအမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ၊ ယခုအစည်းအဝေးတွင် တက်ရောက်လာကြသူများအနေဖြင့် လုပ်ငန်း သဘောတူစာချုပ် (မူကြမ်း)အပေါ် ထပ်မံပြီး ပြင်ဆင် / ဖြည့်စွက်လိုသည်များကို ပွင့်ပွင့်လင်းလင်း အကြံပြုဆွေးနွေးပေးကြရန် ဖြစ်ပါကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်း ပြောကြားသည်။

          ထို့နောက် လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးသာဦး ၊ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် ဦးသက်အောင်တို့က e-ID စနစ် အကောင် အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များနှင့် ဩစတြီးယားနိုင်ငံ  OeSD ကုမ္ပဏီနှင့် ချုပ်ဆိုမည့် လုပ်ငန်းသဘောတူစာချုပ် (မူကြမ်း) တို့အပေါ် သုံးသပ်အကြံပြုထားရှိမှုအခြေအနေ၊ နိုင်ငံတော်၏အရေးကြီးသည့် စီမံကိန်းတစ်ခုဖြစ်သည်နှင့်အညီ စာချုပ် (မူကြမ်း) အား အသေးစိတ် ဆွေးနွေးရန်လိုအပ်ပုံ၊ ဩစတြီးယားနိုင်ငံအစိုးရ၏ ချေးငွေအပေါ် DACU အဖွဲ့မှ သုံးသပ်အကြံပြု ချက်များ၊ စာချုပ်၏သဘောသဘာဝအရ မချုပ်ဆိုမီ အဖက်ဖက်မှ ဝိုင်းဝန်းသုံးသပ်အကြံပြု ဆွေးနွေး နိုင်ရေးအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

          ဆက်လက်၍ တက်ရောက်လာကြသူများသည် ဝန်ကြီးဌာနနှင့် OeSD ကုမ္ပဏီတို့အကြား ချုပ်ဆိုမည့် လုပ်ငန်းသဘောတူစာချုပ် (မူကြမ်း) နှင့်ပတ်သက်၍ ပါဝင်သည့် အချက် (၁) ချက်ချင်းစီအပေါ် အသီးသီးသုံးသပ်အကြံပြုဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည် များ ဖြည့်စွက်ဆွေးနွေး၍ ယခု အကြံပြုညှိနှိုင်းဆွေးနွေးမှုများကို ပြင်ဆင်ပြီးပါက OeSD သို့ ဆက်သွယ်ပေးပို့ ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ပြီး e-ID စနစ် အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် တက်ညီလက်ညီဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးနိုင်ရေး နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုတ်သိမ်းလိုက်သည်။