ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ၊ ဝန်ကြီးဌာနမိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်၊ ဝန်ထမ်းများ တပျော်တပါး စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုကိုကြည့်ရှု့အားပေး

နေပြည်တော်  ဇူလိုင် ၁၅

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရုံးပတ်ဝန်းကျင်  စိမ်းလန်းစိုပြေရေးတို့ အတွက် ရည်ရွယ်၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ ဇူလိုင်လ ၁၅ ရက်၊နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ရုံးအမှတ်(၅၁)အနီးသတ်မှတ်နေရာ ၌ ကျင်းပရာ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ကံ့ကော်ပျိုးပင်ကို စတင်စိုက်ပျိုးပေးပြီး အမြဲတမ်းအတွင်းဝန် နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ထမ်း များက သတ်မှတ်နေရာ အသီးသီး၌ သစ်ပင်ပျိုးပင်များကို တပျော်တပါး စုပေါင်းစိုက်ပျိုးကြရာ ပြည်ထောင်စုဝန်ကြီး နှင့်တာဝန်ရှိသူများက လှည့်လည်ကြည်ရှု့အားပေးကြသည်။

အဆိုပါ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတွင် ကံ့ကော်ပင်၊ ပိတောက်ပင်၊ ခရေပင်၊ ရတနာတန်းဝင်ကျွန်းပင်၊ ငုဝါပင်၊ ပျဉ်းကတိုးပင်နှင့် မဟော်ဂနီပင်စသည့် နှစ်ရှည်ပင်ပျိုးပင်ပေါင်း (၃၀၀) ကျော်ကို စုပေါင်း စိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိပါသည်။